Special Effect Makeup Artist တစ်ယောက်ဖြစ်သူ မော်ဒယ် အိမီမီကိုဟာ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကြီးမှာ သူ့ရဲ့အနုပညာကို ပထမဦးဆုံးအကြိမ်ချပြခွင့်ရခဲ့ပြီး အခက်အခဲများစွာလည်း ရှိခဲ့တယ်လို့ အိမီမီကိုက ဆိုပါတယ်။
”ညီမ ဒီကအစတုန်းက ရုံးဝန်ထမ်းပါ။ ကိုယ်က ရုံးအလုပ်ကို သိပ်လည်း စိတ်မဝင်စားဘူး။ ညီမစိတ်ဝင်စားတာက Makeup ပြင်တဲ့အပိုင်း၊ Makeup ပြင်တာကို ရိုးရိုး Makeup မဟုတ်ဘဲနဲ့ Special Effect Makeup ကို စိတ်ဝင်စား တာ။ ကိုယ်က စိတ်ဝင်စားတဲ့အတွက် You Tube ကနေ လေ့လာတယ်။ အပျော်တမ်းလိုက်ဆွဲတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာပေါ်တင်တော့ တဖြည်းဖြည်းနဲ့ ပြန့်လာတယ်။ ညီမရဲ့ ချစ်သူကလည်း အနုပညာလောကထဲကဆိုတော့ သူနဲ့ ရှုတင်တွေ လိုက်သွားတယ်။ ဒါရိုက်တာတွေနဲ့ ရင်းနှီးအောင်နေတယ်။ ပြီးတော့ ကိုယ့်ရဲ့ အနုပညာကို စိတ်ဝင်စားအောင်လည်း လုပ်ခဲ့ရတယ်။ အမျိုးမျိုးကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒီ Special Effect Makeup လိမ်းဖို့ ကမ်းလှမ်းခဲ့တယ်။ သူတို့ကမ်းလှမ်းခဲ့လို့တော့ ပျော်တာပေါ့။ ဒါပေမဲ့ ကိုယ့်မှာက ဒီပစ္စည်းတွေဝယ်ဖို့ ငွေရေးကြေးရေးက ခက်ခဲခဲ့တယ်။ ပြီးတော့ ဒီပစ္စည်းတွေကလည်း ဒီမှာမရဘူး။ မလေးရှားကနေ မှာရတယ်။ အဲဒီအတွက် အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ ညီမလုပ်ခဲ့တာ ၃ နှစ်တာကာလမှာ ဒီလိုမျိုးလေး နေရာတစ်နေရာ ရခဲ့တဲ့အတွက် ပျော်ပါတယ်”လို့ ပြောပါတယ်။
ချစ်သူဖြစ်သူ သရုပ်ဆောင် အောင်မြင့်မြတ်ကလည်း ဒီအလုပ် အတွက် အများကြီး ကူညီပေးခဲ့ကြောင်းကိုလည်း အိမီမီကိုက ”ညီမဝါသနာပါတဲ့ အလုပ်ကိုစလုပ်တဲ့ အချိန်မှာလည်း ဘယ်လိုမှတစ်ယောက်တည်းနဲ့ မအောင်မြင်နိုင်ဘူး။ သူက အမြဲတမ်း ဘေးကနေ အမြဲရှိပေးတယ်။ ပြီးတော့ သူက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ညီမလုပ်နေတဲ့အလုပ်နဲ့လည်း ပိုပြီးတော့ အံဝင်ခွင်ကျဖြစ်တယ်။ အဲဒီအတွက် သူ့ကိုလည်း တအားကျေးဇူးတင်တယ်။ သူနဲ့ကြိုက်ခဲ့တာလည်း ၃ နှစ်ကျော်ပြီ။ တစ်ယောက်ကို တစ်ယောက်အမြဲတမ်း နားလည်မှုတွေနဲ့ ရှေ့ဆက်တယ်။ သူက အနုပညာရှင်ဆိုတော့ သဝန်တိုတာတော့ ရှိတာပေါ့။ ဒါပေမဲ့ အမြဲတမ်းဂရုစိုက်ပေးတယ်။ ညီမစိတ်ကောက်နေလည်း အမြဲသူကစပြီး ပြန်ချော့တယ်။ ဒီလိုပဲ သူနဲ့ ရှေ့ဆက်နေတာ ကြာလာပြီ။ လက်ထပ်ဖို့လည်း မကြာတော့ပါဘူး” လို့ ပြောပါတယ်။
သဲစုလှိုင်