မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အအုံ ၁၁ လုံးပေါ်တွင် ပေါက်နေသည့်အပင်များအား ဓာတုဆေးဖြင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အအုံအမှတ် ၁၅၈၉၊ ၁၄၇၈၊ ၁၅၈၀၊၁၂၃၉၊ ၁၂၀၂၊ ၁၁၉၂၊ ၁၆၈၆၊ ၁၃၂၁၊ ၁၁၉၅၊ ၇၄၄ နှင့် ၁၉၁၇ အဆောက်အအုံများပေါ်တွင်ပေါက်နေသည့် ညောင်ပင်နှင့်အခြားအပင်များအား ဓာတုဆေးဖြင့်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဓာတုဆေးဖြင့်ရှင်းလင်းခြင်းအား ရှေးဟောင်းယဥ်ကျေးမှုဌာန
(ပုဂံဌာနခွဲ)၏ ဓာတ်ခွဲခန်းဌာနစိတ်မှအဖွဲ့(၂)ဖွဲ့ခွဲ၍ သြဂုတ် ၂၂ ရက်နံနက် ၁၀ နာရီမှစတင်ကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ရှေးဟောင်းအဆောက်အအုံအမှတ် ၅၀၅ ၏မြောက်ဘက်အဝင်မုခ်အား ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။