တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းပြောပြီးနောက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် အလွန်ခိုင်မာကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချီးကျုးခဲ့သည်။ ရှီက ထိုင်ဝမ်ကျွန်းနှင့် တရုတ်နိုင်ငံတို့ ပြန်ပေါင်းစည်းရေးသည် ပေကျင်း၏ ကမ္ဘာ့အစီအစဉ်အပေါ် အနာဂတ်မျှော်မှန်းချက်အတွက် အဓိကဖြစ်သည်ဟု ထရမ့်ပ်ကို ပြောခဲ့သည်။
ဖုန်းပြောဆိုမှုသည် ခေါင်းဆောင်နှစ်ဦးက တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံခဲ့ကာ အပြီးမသတ်ရသေးသော ကုန်သွယ်ရေးသဘောတူညီချက်အတွက် မူအားဖြင့်သဘောတူညီချက်ရခဲ့အပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိက၏ မဟာမိတ်ဂျပန်နိုင်ငံနှင့် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး သံတမန်ရေးအကျပ်အတည်းအတွင်း ကျရောက်နေသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်အပေါ် တရုတ်က တိုက်ခိုက်လာခဲ့လျှင် ဂျပန်ကစစ်ရေးအရတုန့်ပြန်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက ယခုလအတွင်း ပြောကြားခဲ့သည်။
“တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသည် တစ်ချိန်က ဖက်ရှစ်(ဖက်ဆစ်)ဝါဒနှင့် စစ်လိုလားသောဝါဒကို အတူတကွ ဆန့်ကျင်တို-က်ခို-က်ခဲ့ပြီး ယခုအခါ ဒုတိယကမ္ဘာစစ်၏ အကျိုးရလဒ်များကို ကာကွယ်ရန် အတူတကွလုပ်ဆောင်သင့်သည်” ဟု ရှီက ပြောဆိုခဲ့ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆက်လက်၍ ထိုင်ဝမ် ကို တရုတ်သို့ ပြန်လည်ပေါင်းစည်းခြင်းသည် စစ်ပြီးခေတ်နိုင်ငံတကာအစီအစဉ်၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။
ယူကရိန်းအရေး၊ ဖန်တနိုင်းမူးယစ်ဆေးဝါးကိစ္စနှင့် အမေရိကန်လယ်ယာထွက်ကုန်များအပါအဝင် အကြောင်းအရာများစွာကို ရှီနှင့် အလွန်အဆင်ပြေစွာ ဖုန်းပြောခဲ့သည်ဟု ထရုဆိုရှယ်မီဒီယာပို့စ်တွင် ထရမ့်ပ်က ပြောကြားခဲ့ပြီး ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍မူ ဖော်ပြထားခဲ့ခြင်း မရှိပေ။
“တရုတ်နဲ့ ငါတို့ရဲ့ ဆက်ဆံရေးက အရမ်းခိုင်မာပါတယ်။ ဒီဖုန်းခေါ်ဆိုမှုက ပြီးခဲ့တဲ့ သုံးပတ်က တောင်ကိုရီးယားမှာ ငါတို့ရဲ့ အင်မတန်အောင်မြင်မှုရှိခဲ့တဲ့ အစည်းအဝေးရဲ့ နောက်ဆက်တွဲပါ။ အဲဒီအချိန်ကစလို့ ငါတို့ရဲ့ သဘောတူညီချက်တွေကို အချိန်နဲ့တပြေးညီ တိတိကျကျ ထိန်းသိမ်းရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ နှစ်ဖက်စလုံးမှာ ရှိခဲ့ပါတယ်” ဟု ထရမ့်ပ် ပြောကြားခဲ့သည်။
ဧပြီလတွင် ပေကျင်းသို့ လာရောက်ရန် ရှီ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်းနှင့် ယခုနှစ်အနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ရှီကို ပြန်လည်ဖိတ်ကြားခဲ့ကြောင်း ထရမ့်ပ်က ဆက်လက် ပြောဆိုထားခဲ့သည်။
Ref: သည်ကင်ဘာရာတိုင်းမ်စ်
