ဧရာဝတီတိုင်း၊ပုသိမ်မြို့သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် သြဂုတ် ၁၁ ရက်ညနေပိုင်းက ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများနှင့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး အမြဲမပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့ပြင် စေတီတော်မြတ်ကြီး၏ အာရုံခံတန် ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့်ရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးပြီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။