ရွှေပြည်သာမြို့နယ်ရှိ ဆွမ်းလောင်းဓမ္မာရုံတစ်ခုတွင် လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ၃ ဦးဒဏ်ရာရ
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ်(၇)ရပ် ကွက်၊နဝရတ်လမ်းမပေါ်ရှိ အမှတ်(၇)ရပ်ကွက်လုံးဆိုင်ရာဆွမ်းလောင်းဓမ္မာရုံတွင် သြဂုတ် ၁၁ ရက်ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၇ နာရီကျော်ခန့်က အမည်မသိအမျိုးသားများက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သဖြင့် အမှတ်(၇)ရပ်ကွက်လုံးဆိုင်ရာ ဗုဒ္ဓဂုဏ်ရောင်သာသနာ့ဝေယျာဝစ္စအသင်း၏ ဆွမ်းလောင်းဓမ္မာရုံတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ရွှေပြည်သာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ဗုံးပေါက်တဲ့ ဓမ္မာရုံက ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာရှိတာ ပေါက်ကွဲပြီးတော့ စစ်သားတွေ ရဲတွေရောက်လာပြီး စစ်ဆေးသွားကြတယ်”ဟု အမှတ်(၇)ရပ်ကွက်နေသူတစ်ဦးကပြောသည်။
အလားတူ ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း အမှတ်(၁၀)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၃) တပ်စု(၁) နှင့် YUGA(MO-7 Eagle)တို့က လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။