ရန်ကုန်မြို့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်ကုန်စည်စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ဈေးသာယာရေးအဖွဲ့မှသိရသည်။
အဆိုပါ ငါးဈေးမှ ရန်ကုန်မြို့ရှိ မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေခုနစ်သန်းခန့် ရေချိုထွက်ကုန်စားသုံးနိုင်ရန်နှင့် ကျန်သောဒေသများမှ ပြည်သူများ စားသုံးနိုင်ရန် နေ့စဉ်ရွှေပိတောက် ငါးဈေးကြီးနှင့် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးတို့မှ ရေထွက်ကုန်များကို ဖြန့်ဖြူးပေးလျက်ရှိသည်။
ယခုဆောင်းရာသီ၌ ရွှေပိတောက် ငါးဈေးကြီးမှတစ်ရက်လျှင် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်နှင့်အတူ ရေငန်ထွက်ကုန် ပိဿာချိန်တစ်သိန်းခွဲအထိ ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးမြစ်ချင်းများကို ရန်ကုန်မြို့ရှိ ငါးဈေးကြီးနှစ်ခုအပြင် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်လက်များမှတစ်ဆင့် အခြားနိုင်ငံများသို့ ပြုပြင်ထုပ်ပိုး၍ တင်ပို့လျက်ရှိကြောင်း သိရသည်။
ရွှေပိတောက် ငါးဈေးသို့ မွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါးများနှင့် သဘာဝရေပြင်မြစ်၊ ချောင်းများမှ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ်အပါအဝင် ရေချိုထွက်ကုန် အမယ် ၃၀ နှင့် ရေငန်ထွက်ကုန်အမယ် ၁၅ မျိုး ဝင်ရောက်လျက်ရှိကြောင်း၊ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးသို့ ရေချိုထွက်ကုန်အချို့နှင့် စံပြငါးဈေးဆိပ်ကမ်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရေငန်ထွက်ကုန်မျိုးစုံဝင်ရောက်လျက်ရှိကြောင်း သိရသည်။
