သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ရွှေတိဂုံစေတီ ရင်ပြင်တော် ရာဟုထောင့်အောင်မြေတွင် (၃၇) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပလျက်ရှိသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား မြန်မာတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဝါကိုဗိုင်းငင် ချည်ရစ်ကာ မြန်မာ့ရိုးရာလက်ခက်ရက်ကန်းပညာဖြင့် ရက်လုပ်ရရှိသည့် ပိတ်သားများကို ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ပြီး ဘုရားရှင်အားရည်မှန်းကာ မသိုးရွှေကြာသင်္ကန်းများကို နှစ်စဉ်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပ ကပ်လှူပူဇော်လာခဲ့ကြရာ (၃၇) နှစ်တိုင်တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။
ယနေ့ကျင်းပပြုလုပ်သည့် မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့ပေါင်း (၈၄) သင်းရှိသည့်အနက် ဆန္ဒပြုထားသော အသင်းများမှ ပြိုင်ပွဲဝင်ခွင့်ရသော အသင်း (၉) သင်းသည် ယှဉ်ပြိုင်ရက်လုပ်လျက်ရှိသည်။
ညနေ (၅) နာရီမှ ည (၉) နာရီအထိ အချိန်ကာလ (၄) နာရီကြာ ယှဉ်ပြိုင်ရက်လုပ်ပြီး ရရှိသည့်ပိတ်သားအပေါ်တွင် အထည်အလိပ်ဆိုင်ရာပညာရှင်များက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်သတ်မှတ်၍ဆုပေးသွားမည်ဖြစ်သည်။
ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ပြီး လပြည့်နေ့ အရုဏ်မတက်မီ သတ်မှတ်ထားသည့် ဗုဒ္ဓရုပ်ပွါးတော် (၉) ဆူတို့တွင် စည်ကားသိုက်မြိုက်စွာ စည်းစည်းလုံးလုံး၊ သိုက်သိုက်ဝန်းဝန်းနှင့် စုပေါင်းလှည့်လည်ပူဇော်ကပ်လှူသွားမည်ဖြစ်ကြောင်း သိရသည်။
