ပြည်တွင်း ပြင်ပရွှေဈေး သိန်း (၃၀) အောက်သို့ ဈေးကျမှသာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြန်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သုံးသပ်သည်။
လက်ရှိ၌ ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် သိန်း (၃၀) အထက်၌ အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်ပြီး အရောင်းအဝယ်မှာလည်း အေးနေခြင်း ဖြစ်သည်။
“ ရွှေဈေးကွက်က အရောင်းအဝယ်အေးနေတုန်းပဲ။ သိန်း (၃၀) အောက်ကို ရောက်မှပဲ အရောင်းအဝယ်ပြန်ဖြစ်မှာ။ ဝယ်သူကလည်း ဈေးကိုစောင့်တယ်၊ ရောင်းသူကလည်းဈေးကို စောင့်နေကြတာဆိုတော့ ဈေးကွက်ကငြိမ်နေတာ” ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပြည်တွင်း ရွှေဈေးကွက်တွင် သင်္ကြန်မတိုင်မီကာလက (၂၉) သိန်း အထက်တွင်သာ အရောင်းအဝယ်ဖြစ်နေခဲ့ရာမှ သင်္ကြန်ကာလ နောက်ပိုင်းမှ စတင်ကာ သိန်း (၃၀) အထက်သို့ တစစ မြင့်တက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေး အကျဘက်သို့ ရောက်နေသည့်အပြင် အရောင်းအဝယ်အေးနေသော်လည်း ပြည်တွင်းရွှေဈေးမှ သိန်း(၃၀) အောက်သို့ ပြန်လည်ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေခြင်းလည်း ဖြစ်သည်။
” ဈေးတက်တယ်ဆိုတာကလည်း ရောင်းလိုအား ဝယ်လိုအားကြောင့် ဖြစ်တာ။ အရောင်းအဝယ်က မဖြစ်ဘူးတော့မဟုတ်ဘူး။ နယ်တွေဘက်ကလာတဲ့ အထည်ပျက်တွေကဝင်တော့ နည်းနည်းပါးပါးတော့ အရောင်းအဝယ်ဖြစ်တာရှိတယ်”ဟု ဦးမျိုးမြင့်က ပြောသည်။
ယနေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၄၆ ဒေါ်လာဖြစ်ပြီး ရန်ကုန်အသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂၉၂၆၀၀ ကျပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျင် ၃,၀၆၀၀,၀၀ ကျပ် ဝန်းကျင်ဖြစ်ကြောင်း သိရသည်။