မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းဒေသနေပြည်သူများ ရေဘေးအန္တရာယ် သတိပြုနေထိုင်ရန် မိုးဇလအသိပေး
မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းမှုများကြောင့် ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေများသည် သတ်မှတ်ထားသည့် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၁ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေကျော် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေမှာလည်း စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်အခြေအနေကို အနီးကပ်စောင့်ကြည့်၍ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်များကို လိုက်နာကာ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။
