ရွှေကူ-မန္တလေး လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် အခမဲ့ စစ်ရှောင်ပြည်သူ ပို့ဆောင်ရေး ခရီးစဉ်များ ယာယီရပ်နားထားရသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့မှတဆင့် ရွှေကူမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်(၅၀၀)ဦးမှာ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာရန် လမ်းခရီးပိတ်ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
ရွှေကူမှ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာမည့် အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရွှေကူမြို့ပေါ် ရှိ ဘုန်းကြီးကျောင်း(၄) နေရာတွင် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်။
“ရွှေကူ-မန္တလေး လမ်းပိုင်းက အခုထိမဖွင့်သေးတော့ ကျွန်တော်တို့ အခြားလမ်းကနေ ပို့ဆောင်ဖို့ အစီအစဉ်တွေလုပ်နေပါတယ်။ စစ်ကိုင်းတိုင်းဘက်ကလည်း သွားရေးလာရေးအဆင်မပြေတော့ အခြားလမ်းပိုင်းကနေ ပို့ဆောင်ဖို့လုပ်နေပါတယ်။ အခြားလမ်းပိုင်းက ပို့ဖို့ကလည်း စက်သုံးဆီအခြေအနေ ၊ လမ်းပိုင်းအခြေအနေတွေ ကြည့်ရသေးတယ် “ဟု ၎င်းက ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားနေရာ ဗန်းမော်မြို့တွင်လည်း ဖုန်းလိုင်းများပြတ်တောက်နေခြင်းကြောင့် ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများ၏ သတင်း ထပ်မံမကြားရသေးဘဲ အမြန်ဆုံး ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၄)ရက်မှစတင်၍ ဗန်းမော်မြို့တွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ၊ ယနေ့အချိန်အထိ မြို့ကို မစွန့်ခွာဘဲ ကျန်နေသူများရှိသကဲ့သို့ မြိုကိုစွန့်ခွာ၍ ယာယီထွက်ပြေးတိမ်းရှောင်သူများမှာလည်း ထောင်နဲ့ချီရှိနေပြီဖြစ်ကြောင်း သိရသော်လည်း ပျောက်ဆုံး၊ ေ-သဆုံး စာရင်းများအပါအဝင် ထွက်ပြေးတိမ်းရှောင်စာရင်းများကို အသေးစိတ်အတည် မပြုနိုင်ကြသေးကြောင်း သိရသည်။
ဓာတ်ပုံ-CJ