လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၈ ရက်မှစတင်ကာ ယနေ့ နိုဝင်ဘာ ၂၉ ရက်အထိ ရွှေကုက္ကိုလ်နယ်မြေအား ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာယနေ့ နိုဝင်ဘာ ၂၉ ရက်အထိ အွန်လိုင်းလိမ်လည်မှုများဆောင်ရွက်ရာတွင်အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ (၁၃၅) လုံးကိုတွေ့ရှိခဲ့ရသဖြင့် ယင်းအဆောက်အအုံများကိုပြန်လည်အသုံးပြုမှုမရှိစေရန် သိမ်းဆည်းချိတ်ပိတ်လျက်ရှိရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ (၁၀၁) လုံးကို ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေရှိ လူနေအ ဆောက်အအုံများ၊ ဂိုထောင်များ၊ ဈေးဆိုင်ခန်းများနှင့် ဟိုတယ်များ (စုစုပေါင်း ၂၆ လုံး) ကိုရှင်းလင်းရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိဘဲ ဖုန်းနှင့်အသုံးအဆောင်ပစ္စည်းများကို တစ်ပါတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်းကိုဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေမှ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား (၂,၀၄၂) ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ (၃,၃၁၀) လုံး၊ မိုဘိုင်းဖုန်း (၂၁,၈၇၀) လုံး၊ star Link ဘန်း (၁၀၂) လုံး၊ Router (၂၂) လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့သဖြင့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကာ ရှင်းလင်းမှုများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
