ရွေးကောက်ပွဲ ဥပဒေအရ တရားစွဲဆိုခံထားရသည့် ပါတီကိုယ်စားလှယ်လောင်းတစ်ဦး အလုပ်နှင့် ထောင်ဒ-ဏ်တစ်နှစ်ချမှတ်ခံရကြောင်း သိရသည်။
မဲဆွယ်စည်းရုံးရာတွင် သုံးနှုန်းခဲ့သည့် အသုံးအနှုန်းကြောင့် ရွေးကောက်ပွဲ ဥပဒေအရ အမှုဖွင့်ခံထားရသည့် ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အလုပ်နှင့် ထောင်ဒ-ဏ် တစ်နှစ်ချမှတ်ခံရသည်ဟု သိရသည်။
ယနေ့ (ဇန်နဝါရီ ၈) ရက်၊ နံနက် ၁၁ နာရီခွဲက ယင်းကိုယ်စားလှယ် ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အမိန့်ချခဲ့ခြင်းလည်း ဖြစ်သည်။
သူ့ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅၈ (ဂ)၊ ရွေကောက်ပွဲဆိုင်ရာနည်းဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခြင်းဆိုသည့် ပုဒ်မဖြင့် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်သူ့ပါတီ ဥပဒေရေးရာအဖွဲ့မှ ဦးဝဏ္ဏစိုးက ဖြေကြားထားသည်။
ဦးလွင်မြင့်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာ၌ TikTok အကောင့်မှ ပြောကြားခဲ့သည့် “တော်လှန်ရေး” ၊ “အရေးတော်ပုံ” ဟူသော အသုံးအနှုန်းနှင့် Facebook လူမှုကွန်ရက်တွင် အသုံးပြုခဲ့သည့် ပုံများကြောင့်တိုင်ကြားခံခဲ့ရာမှ တဆင့် ထိုကဲ့သို့ အမှုဖွင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
