ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်စာရင်းပါရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။
၎င်းမှာ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၏ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကောက်မတီဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင်ရွက်ခဲ့ပြီး e-ID Server အတွင်း စိစစ်ထည့်သွင်းကာအတည်ပြုလူဦးရေစာရင်းများကို အဆင့်ဆင့်ပြုစုပြီး တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုး၍ ကြီးကြပ်မှုဗဟိုကော်မတီထံပေးပို့ရာ ဗဟိုကော်မတီမှ ပြန်လည်စိစစ်အတည်ပြုကာ အထက်အဆင့်ဆင့်သို့တင်ပြအတည်ပြုချက်ရယူ၍ မဲဆန္ဒရှင်စာရင်းပြုစုထုတ်ပြန်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ပေးပို့ခဲ့သဖြင့် UEC မှ CVLMS စနစ်ဖြင့်ပြန်လည်စိစစ်အတည်ပြုပြီး မဲစာရင်းပြုစုပြီး (၂) ကြိမ်တိုင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
သို့ရာတွင် အကြောင်းမျိုးမျိုးကြောင့် နေရာဒေသတစ်ချို့၌ မဲစာရင်းအနည်းငယ်ကွဲလွဲနိုင်၍ သက်ဆိုင်ရာဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်းကာ ပိုမိုတိကျမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ ကွဲလွဲမှုများသည် နေရာဒေသအလိုက် ပြောင်းဝင် / ပြောင်းထွက်၊ ေ-သဆုံးသူများ၊ အခြားသောအကြောင်းများကြောင့် ဖြစ်ပေါ်မှုများအား ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ပုံစံများဖြင့်ပြန်လည်လျှောက်ထားမှုများအား သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်သွင်း၊ ပယ်ဖျ-က်၊ ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်းများဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ကြောင့် ထပ်မံထုတ်ပြန်မည့် မဲစာရင်းပိုမိုတိကျမှန် ကန်စေရေးအတွက် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှသည် ခရိုင်/တိုင်းအဆင့်ကော်မတီအဆင့်ဆင့်မှအဖွဲ့စုံဖြင့် မဲစာရင်းမထုတ်ပြန်မီ အသေးစိတ်တိုက်ဆိုင်စစ်ဆေး အတည်ပြုမှသာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါဝင်၍ မဲပေးခွင့်အခွင့်အရေးရရှိနိုင်မည်ဟု ပြောသည်။
ထို့အတူ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်စာရင်းပါရှိရေး၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြသည်။
