လုပ်သားများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်မည်
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းကို ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရာတွင် ယခုသန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် သန်းခေါင်စာရင်းမှဖော်ထုတ်ရရှိသည့် ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေသိရှိခြင်းဖြင့် ၎င်းတို့နှင့်ပတ်သက်ပြီး လိုအပ်သည့်အစီအမံများရေးဆွဲချမှတ်နိုင်ရန် အခြေခံအရင်းအမြစ်များကို ဖန်တီးပံ့ပိုးပေးနိုင်မည်ဖြစ်ကာ လိုအပ်သည့်လုပ်သားအင်အားကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဟု ပြောသည်။
” နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ လုပ်သားလိုအပ်ချက်တွေကိုအခြေခံပြီး နှစ်စဉ်တက္ကသိုလ်ဝင်ခွင့်၊ သက်မွေးပညာဆိုင်ရာ ကျောင်းဝင်ခွင့်တွေနဲ့ပတ်သက်တဲ့ လူဦးရေလျာထားတွက်ချက်ရာမှာလည်း အခြေခံအချက်အလက်တွေ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အခုလုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်မှုလိုအပ်တဲ့(သို့)အရည်အသွေးမြှင့်တင်လိုတဲ့ လုပ်သားတွေအတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေကို လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
သန်းခေါင်စာရင်းပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ၊ အသုံးပြုသူများလွယ်လွယ်ကူကူထုတ်နုတ်အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် ေ-သဆုံးခြင်းအကြောင်းအရာအခန်းကဏ္ဍများပါဝင်ပြီး မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများစွာရရှိစေနိုင်မည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစီမံကိန်းများအတွက်လည်း များစွာအသုံးဝင်မည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
