မကြာမှီပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးကဝိုင်းဝန်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအား နိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေရမှု၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် ပြည်တွင်း ပဋိပ က္ခများနှင့် ပြည်ပမှကျူးကျော်မှုများကိုအခက်အခဲများကြားမှ သောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများဆင်နွဲခဲ့ရမှု၊ နိုင်ငံတော်မှ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် နိုင်ငံရေးစနစ်များနှင့် ကြုံတွေ့ခဲ့ရမှုများ၊ ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ အုတ်မြစ်ချဆောင်ရွက်ပေးခဲ့မှုတို့ကို ပြောကြားသည်။
” တပ်မတော်အနေနဲ့ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် စနစ်တကျဖြစ်ပေါ်လာအောင်ဦးဆောင်ဖော်ဆောင်ပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်သလို မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီအစိုးရအဖွဲ့တွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နေသည့် အခိုင်အမာဆုံးအဖွဲ့အစည်းတစ်ခုဖြစ်၍ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲအသင့်ဖြစ်စေရေးဆောင်ရွက်ရန်၊ တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် မှာကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးမှ တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်၍ တက်ရောက်လာသည့် အရာရှိ၊ စစ်သည် မိသားစုများအားနှုတ်ဆက်ခဲ့သည်။
