ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့် အစိုးရတစ်ရပ်ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးရမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း/ပြည် နယ်ဝန်ကြီးချုပ်များအားတွေ့ဆုံမှာကြားခဲ့သည်။
ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှုကာလစတင်ပြီဖြစ်၍ ပါတီများအလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ရာ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ်ထွက်ပေါ်လာစေရေးအတွက် မျှော်မှန်းဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်မှုမရှိစေရန် (MEVM)ကိုအသုံးပြုသွားမည်ဖြစ်ကာ (MEVM) စက်များသည် မဲမသမာမှုကိုဆောင်ရွက်နိုင်မည်မဟုတ်၍ မှန်ကန်သည့် ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေးအတွက် မဲစာရင်းများမှန်ကန်မှုရှိရေးမှာ အဓိကကျသဖြင့် ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများပြုစုရာတွင် အမှားအယွင်းမရှိစေရေး၊ မဲမသမာမှုများမရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။
” မိမိတို့တာဝန်ယူထားရတဲ့ကာလအတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်တာမှန်သမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရပါမယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ အောက်တိုဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၂)အား တိုင်းနှင့် ပြည်နယ်(၉)ရှိ မြို့နယ်(၁၀၀)တွင်ကျင်းပသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့ကာ ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်း မြို့နယ်ပေါင်း(၁၀၂)မြို့နယ်တွင် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာကျင်းပသွားမည်ဖြစ်သည်။
