ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲဆွယ်စည်းရုံးခွင့်ကို ၂၉ – ၁၂ – ၂၀၂၅ ရက်နေ့မှစ၍ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၉ – ၁ – ၂၀၂၆ ရက် ည (၁၂) နာရီအချိန်အထိ ဆောင်ရွက်နိုင်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာလ ၂၈ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် မဲဆွယ်စည်းရုံးမှုများကို ၉ – ၁ – ၂၀၂၆ ရက်နေ့ ည ၁၂၀၀ နာရီ အချိန်မှ ၁၁ – ၁ – ၂ဝ၂၆ ရက်နေ့ အပိုင်း (၂) ရွေး ကောက်ပွဲကျင်းပပြီးသည်အထိ ရပ်နားထားရမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ၉ – ၁ ၂၀၂၆ ရက်နေ့ ည ၁၂၀၀ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း UEC က အသိပေးထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းအောင် မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည် သူလူထု နိုင်ငံရေးပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ၅၆ မြို့နယ်မှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအားလုံးတွင် ရွေးကောက်ပွဲ အပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးခွင့်ကို ၂၈ – ၁၀ – ၂၀၂၅ ရက်နေ့မှ ၂၆ – ၁၂ – ၂၀၂၅ ရက်နေ့အထိ ရက်ပေါင်း (၆၀) သတ်မှတ်ပေးထားသည်။
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိ နှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်ပြီး ယင်းသို့ ကြော် ငြာ၊ ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျသင့် ငွေအား သက်ဆိုင်ရာနိုင်ငံရေးပါတီတစ်ခု ခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း UEC ကထုတ်ပြန်ထား သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင်မြို့နယ် ၁၀၂ မြို့နယ်ပါဝင်မည် ဖြစ်ပြီး အပိုင်း(၂) တွင် မြို့နယ် ၁၀၀ ပါဝင်မည်ဖြစ်ကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်(မြို့နယ်) ၅၆ မြို့နယ် ရှိကြောင်း UEC က ထုတ်ပြန် ကြေညာထားသည်။
