မြန်မာနိုင်ငံတွင် မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအကူညီနှင့် နည်းပညာအကူအညီများကို တရုတ်နိုင်ငံအနေဖြင့်ပေးအပ်သွားဖို့ အသင့်ရှိကြောင်း NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် H.E Mr Deng Xijiun က ပြောသည်။
NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းနားအတွက် ဂုဏ်ပြုစကားပြောကြားချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန H.E Mr Deng Xijiun က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကြီးအတွက် ငြိမ်းချမ်းရေးလိုအပ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ဖော်ရွေ ရင်းနှီးသည့်မူဝါဒကို ကျင့်သုံးပြီးအခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့်မူကိုလည်း တင်းတင်းကျပ်ကျပ်လိုက်နာလျက်ရှိကြောင်းလည်း အာရှရေးရာအထူးကိုယ်စားလှယ်က ပြောသည်။
လက်ရှိ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရေးကြိုးပမ်းနေသည့် မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာပါတီများ၊နိုင်ငံတွင်းအခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေရှိသည့် ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်နေပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်သည့် နိုင်ငံရေးလမ်းစဉ်ပေါ်ထွန်းရေးကို ဆောင်ရွက်နေသည့် မြန်မာကို တရုတ်နိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာထောက်ခံကြောင်းလည်း အာရှရေးရာအထူးကိုယ်စားလှယ်က ပြောကြားထားသည်။
ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပိုပြီးပူးပေါင်းပါဝင်လာနိုင်ကြဖို့လည်း ယုံကြည်မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် H.E Mr Deng Xijiun က ပြောကြားခဲ့သည်။
