ရွေးကောက်ပွဲနီးလာ၍ လုံခြုံရေးလုပ်ငန်းများကို မပေါ့မလျော့ပူးပေါင်းဆောင်ရွက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းကကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားပြီးဖြစ်ရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို လာမည့် နိုဝင်ဘာလတွင်ထပ်မံကပ်ထားကြေညာမည်ဖြစ်၍ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့် စာရင်းများပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများမရှိစေရေးတို့အတွက် သတိပြုဆောင်ရွက်ရမည်ဟု ပြောသည်။
” ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ မပေါ့မလျော့ဘဲ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို စစ်ကိုင်းတိုင်းအတွင်းမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် တာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်နဲ့ဝိုင်းဝန်းဆောင်ရွက်ပြီး နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြဖို့လိုအပ်ပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။
ထို့နောက် စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူအသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြသည်။
