ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်း (၃) ပိုင်းခွဲပြီးကျင်းပသွားမည်ဖြစ်ရာ ကယားပြည်နယ်၌လည်း ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်၍ ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက်၍ ရွေးကောက်ပွဲကာလတစ်လျှောက်လုံး လုံခြုံရေးပိုင်းကိုအထူးအလေးထားဆောင်ရွက်ရန်၊ လိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင်အလေးထားဆောင်ရွက်ရန်၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် ကျင်းပမည့်ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့်ရွေး ကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းတွင်မပါဝင်သင့်သူများပါဝင်မှုမရှိစေရေးတို့ကိုအလေးထား ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်နေမှု၊ ပေါင်းစပ်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
