နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး”ရတနာရွှေဆိုင်အား နိုဝင်ဘာ ၁၀ ရက်က အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှ သေနတ်ပြခြိမ်းခြောက်ကာ လု ယက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေ့က ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းရှိ “ရောင်နီဦး”ရတနာရွှေဆိုင်အတွင်းသို့ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးဝင်ရောက် လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်(၄၆)သိန်းကျော်တန်ဖိုးရှိ ရွှေလက်စွပ်(၁၃) ကွင်း၊ ရွှေနားကပ်(၈) ရံ၊ ရွှေဆွဲသီး(၁)ခုတို့အား လုယက်ယူဆောင်၍ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းဖြစ်သူတို့အားရိုက်နှက်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် အနီးဝန်းကျင်နေသူများက အခင်းဖြစ်ချင်း၌ပင်ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသဖြင့် မ င်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ်(၁)လမ်းပေါ်၌ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်းတိုးအောင်(၂၈)နှစ်နှင့် ယမင်း(ခ)ရေဟန်(၂၅)နှစ်တို့အား သေနတ်အတု(၂) လက်၊ အရိုး/အသွား (၇)လက်မခန့်ရှိ ခေါက်ဓား(၁) ချောင်း၊ ဆိုင်ကယ်(၁)စီး၊ ဖုန်း(၂)လုံး၊ လုယက်ယူ ဆောင်သွားသည့် ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ပျဉ်းမနားမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ(၂)ဦးအား (ပ)၂၄၃/၂၀၂၅၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့်အမှုဖွင့်ကာ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ ပြစ်မှုကျူးလွန်စဉ်က ထုနှက်၊ ထိုးကြိတ် ၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဒေါ်အေးအေးမွန်၏ ဦးခေါင်းနှင့် မျက်နှာ၊ ဆိုင်ဝန်ထမ်းမချစ်ကဗျာ၏ ဦး ခေါင်းတို့၌ ဖူးရောင်ပွန်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့် ပျဉ်းမနားမြို့ခုတင်(၂၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
