ရန်ကုန်မြို့ (တောင်ဘက်) ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ယနေ့ ဇန်နဝါရီ ၁၀ ရက် နံနက်အစောပိုင်းက လူဦးရေများစွာလိုက်ပါလာသော လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြုရေယာဉ်များမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသတင်းပေးပို့ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေ ယာဉ် (၁) စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် (၁) စီးတို့သည် ဇောတိကရေနံစင်၏ အထောက်အ ကူပြုရေယာဉ်များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လှေပေါ်၌လိုက်ပါလာသူများအနက် (၁၁၈) ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကာ ၎င်းတို့အား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျစောင့်ရှောက်ထားကြောင်း သိရသည်။
