ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၀
ယူကရိန်းအကျပ်အတည်းတွင် မျှတသော၊ ထိရောက်ပြီး ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ကို ထူထောင်ရန် တရုတ်သံတမန်တစ်ဦးက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဆန်းလီက ယူကရိန်းအရေး လုံခြုံရေးကောင်စီအစည်းအဝေးတွင် မေတ္တာရပ်ခံခဲ့သည်။
“ယူကရိန်းအရေးဟာ အခုအချိန်မှာ အရေးကြီးတဲ့အဆင့်ကို ရောက်နေပါပြီ။ နိုင်ငံတကာအဆင့် ဆွေးနွေးမှုတွေက စေ့စပ်ညှိနှိုင်းရေးမှာ ပိုပြီးစုဆုံကြပြီး ငြိမ်းချမ်းရေးနားကို နီးလာပါတယ်။ တရုတ်နိုင်ငံက အဲဒီလိုတိုးတက်မှုကို ကြိုဆိုပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံပြီး အကျပ်အတည်းကို နိုင်ငံရေးအရ စောစောစီးစီးအဖြေရှာနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက အတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အပြုသဘောဆောင်တဲ့ အရှိန်အဟုန်ကိုဆုပ်ကိုင်ပြီး တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြန်ဆုံးရရှိအောင် ကြိုးပမ်းကြဖို့ သက်ဆိုင်သူတွေကို တောင်းဆိုလိုက်တယ်” ဟု ဆန်းကပြောသည်။ ဆန်းက အရပ်သားများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။
အကျပ်အတည်း၏ နိုင်ငံရေးဖြေရှင်းမှုကိုမြှင့်တင်ရာတွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
