ရေကြီးမှုဒ-ဏ်ခံနေရသော ထိုင်းတောင်ပိုင်းနယ်စပ်ပြည်နယ်၏ ဟတ်ယိုင်ခရိုင်တွင် တနင်္လာနေ့ညပိုင်းမှစ၍ ရေဘေးသင့်နေသော ဒေသခံများ၏ အော်ဟစ်အကူအညီတောင်းခံသံများ ပွက်လောရို-က်နေခဲ့ပြီး တစ်ခရိုင်လုံးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် အမိန့်ထုတ်ထားရသည်။
ဟတ်ယိုင်အနီး ကုန်းမြင့်ဒေသများတွင် သမိုင်းတလျှောက် စံချိန်တင်မိုးရွာသွန်းမှုနှင့် ရေများစီးဆင်းလာမှုကြောင့် တနင်္လာနေ့တွင် တစ်ခရိုင်လုံးကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အုပ်ချုပ်ရေးမှူး ရတ်ထာဆတ် ချစ်ချူးက အမိန့်ထုတ်ခဲ့သည်။
သို့သော်လည်း ကယ်ဆယ်ရေးယာဉ်များကို စောင့်ဆိုင်းနေရှာသည့် ဒေသခံများစွာသည် အချည်းနှီးသာဖြစ်ခဲ့သည်။ ရေဘေးကြုံနေသူများမှာ အကူအညီပေးနိုင်သည့် ပမာဏထက်ပိုများနေသောကြောင့် အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန် ကယ်ဆယ်ရေးသမားများက တောင်းဆိုခဲ့ကြသည်။
လူပြည့်နေသော လှေများဖြင့် ကယ်ဆယ်ရေးသမားများဖြတ်သန်းသွားစဉ် အဓိကစီးပွားရေးခရိုင်အတွင်းရှိ ရေမြုပ်နေသော အဆောက်အအုံများထဲမှ ဒုက္ခကြုံနေသူများက ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် တစာစာအော်ဟစ်နေခဲ့ကြသည်။ ကုတင်ပေါ်လှဲနေရသော လူနာများ၊ သက်ကြီးရွယ်အို ဆွေမျိုးသားချင်းများ၊ ကလေးငယ်များနှင့်အတူ ပိတ်မိနေကြောင်း ရေဘေးကြုံနေသူများစွာက အသိပေးကာ ဆိုရှယ်မီဒီယာမှတဆင့် အကူအညီတောင်းခံခဲ့ကြသည်။
လုံးလုံးရေမြုပ်နေခဲ့သည့် ပထမထပ်များတွင် နေထိုင်သော ရေဘေးသင့်သူများသည် ဆက်သွယ်ရေး၊ အင်တာနက်အသုံးပြုနိုင်မှုနှင့် မိုဘိုင်းဖုန်းများ အားကုန်နေသည့် အခက်အခဲများနှင့် ကြုံတွေ့နေသည်။
ဟတ်ယိုင်နှင့် တောင်ပိုင်းရှိ အခြားရေလွှမ်း သော ဒေသများမှ ရေဘေးကြုံနေသူများကို ကူညီရန် စစ်သည်များ၊ အရင်းအမြစ်များနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ကျက်ချထားပေးကြောင်း ကြည်းတပ်နှင့် ရေတပ်က ကြေညာခဲ့သည်။ ကြည်းတပ်က လှေများနှင့် ထရပ်ကားများကို ပံ့ပိုးပေးခဲ့သကဲ့သို့ ရေတပ်က ရဟတ်ယာဉ်များအပါအဝင် စစ်သည်များနှင့် အရင်းအမြစ်များကို စေလွှတ်ပေးပို့ထားသည်။
တောင်ပိုင်းပြည်နယ် ကိုးခုတွင်ဆက်လက်၍ ရေကြီးရေလျှံနေပြီး နေရာအများစုတွင် ရေတက်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဌာနက အင်္ဂါနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
