ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိမော်စကိုမြို၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သည် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Gazprom International Limited မှ General Director ဖြစ်သူ Mr. Sergey Tumanov ဦးဆောင်သည့်အဖွဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Zarubezhneft JSC ကုမ္ပဏီမှ General Director ဖြစ်သူ Mr. Sergey Kudryashov ဦးဆောင်သည့်အဖွဲတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ရေနက်ဆိပ်ကမ်းများကို အသုံးပြု၍ Energy Trading ပြုလုပ်နိုင်မည့်အခွင့်အလမ်းကောင်းများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်၍ ရေနံချက်စက်ရုံ တည်ဆောက်၍ ထွက်ရှိလာသော ရေနံထွက်ကုန်ပစ္စည်းများကို ပြည်တွင်းတွင်သာမက ဒေသတွင်းနိုင်ငံများတွင် ဖြန့်ဖြူးရောင်းချပေးနိုမည် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖိုရမ်တက်ရောက်နေစဉ်အတွင်း စွမ်းအင်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အဖွဲအစည်းအသီးသီးမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာ ကြည့်ရှုကြပြီး Joint Stock Company Inter RAO ပြခန်းတွင် သဘာဝဓာတ်ငွေ့ကို လေလွင့်ဆုံးရှုံးမှု အနည်းဆုံးအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်နိုင်သည့် Combined-cycle Gas Turbine များ၏ စွမ်းဆောင်ရည်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
