သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် အသိပေးထုတ်ပြန်ထားသည်။
ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ရေနံနည်းဥပဒေ ပုဒ်မ ၁၁၉ အရ သက်တမ်းကုန်ဆုံးသည့် နေ့ရက်မတိုင်မီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက် သက်တမ်းတိုးတင်ပြလျှောက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးတင်ပြခြင်းကို လာမည့်နိုဝင်ဘာလ ၁ ရက်မှစ၍ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားကြရန်နှင့်သတ်မှတ်ကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားကာ သက်တမ်းတိုးမြှင့်ခြင်းမရှိပါက ဒ-ဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
သက်မှတ်ကာလကျော်လွန်မှ သက်တမ်းတိုးခြင်းအတွက် ရက်လွန်ဒ-ဏ်ကြေးအဖြစ် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ တစ်ရက်လျှင်သိုလှောင်ခွင့်လိုင်စင်ကြေး ၂ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ဝ၃၇/၂၀၂၃ အရ သိုလှောင်ခွင့်လိုင်စင်ကို သက်တမ်းကုန်ဆုံးပြီးချိန်နောက်ပိုင်း သက်တမ်းတိုးတင်ပြရန် ၁ နှစ်ပျက်ကွက်ပါက အဆိုပါ လိုင်စင်က အလိုအလျောက်ပျက်ပြယ်ပြီး ဌာနစာရင်းတွင်လည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သက်တမ်းတိုးလျှောက်ထားမည့်သူများအနေဖြင့် သက်တမ်းတိုးလျှောက်လွှာ၊ ဦးစီးဌာနမှထုတ်ပေးထားသည့် သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ ဌာနမှနောက်ဆုံးကွင်းဆင်း စစ်ဆေးခဲ့သည့် ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်း(မိတ္တူ)၊ စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်/သိုလှောင်ရုံများ၏ လက်ရှိအခြေအနေအတိုင်း ရို-က်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများစသည့် အချက်အလက်များနှင့် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
