နိုင်ငံတဝှမ်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ APTERR အစီအစဉ်ဖြင့် အရန်ဆန် (၁၀၀၂ ဒသမ ၇၁)တန် ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်၍ သက်ဆိုင်ရာ ဒေသများသို့ အမြန်ဆုံး တင်ပို့ ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းလုပ်ဆောင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က ပြောကြားလိုက်သည်။
ဒု-ဝန်ကြီး ဒေါက်တာ တင်ထွဋ်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ + ၃ အရန်ဆန် သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်တင်ဘာ ၂၂ ရက်က ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
APTERR အစီအစဉ်ဖြင့် အရန်ဆန် (၁၀၀၂ ဒသမ ၇၁) တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သော တိုင်းဒေသကြီး ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံး တင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒု-ဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ယာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် စပါးစိုက်ဧက (၇၃၅၄၆၁) ဧက ပျက်စီးခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မြို့နယ် (၅၄) မြို့နယ်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေရာ မြို့နယ်ပေါင်း ၆ ပုံ၊ ၁ ပုံ (၁၆ ရာခိုင်နှုန်း) ခန့် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။