မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသအတွင်းက ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှ မြို့နယ် (၁၆) ခုတွင် ရေဘေးသင့်သူဦးရေ အနည်းဆုံး ခန့်မှန်းခြေ ၅၀,၀၀၀ ခန့်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
မိုးသည်းထန်မှု၏ နောက်ဆက်တွဲအနေဖြင့် မြစ်ချောင်းများ ရေလျှံခြင်း၊ တောင်ကျရေစီးဆင်းခြင်းတို့ကြောင့်မြန်မာနိုင်ငံ၏အရှေ့တောင်ပိုင်းဒေသရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးသင့်လျက်ရှိကြောင်း UNOCHA ကဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့အထိ လူဦးရေ ၃၀၀၀၀ ကျော်ကို ရေဘေးလွတ်ရာ ယာယီစခန်းများထံ ပို့ဆောင်ထားရပြီး အများစုမှာ မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတိုင်းအတွင်းမှ ဒေသခံများ ဖြစ်ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။
ထို့အပြင် ဩဂုတ်လ (၇) ရက်၊ (၈) ရက်တို့တွင် ရခိုင် ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တောနှင့် တောင်ကုတ်မြို့နယ်များအပါအဝင် မြို့နယ်တချို့ ရေကြီးရေလျှံခဲ့သည့်အတွက် ရေဘေးသင့်ဒေသခံများ ကို ဘေးကင်းရာဆီသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ရေဘေးအခြေအနေကို မပြတ်စောင့်ကြည့်နေပြီး၊ ရေဘေးသင့်ရာဒေသတွေက အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီများပေးနေကြောင်း သိရသည်။