ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်မည့် ဥပဒေအား အမေရိကန်ပြည်ထောင်စုအနေဖြင့် အတည်ပြုပြဌာန်းရန် မလိုအပ်သော်လည်း ထိုသို့သော ဆောင်ရွက်ချက်မျိုးကို ထောက်ခံရန် အသင့်ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ကျွန်တော် ဒါကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒါကို လက်တွေ့အသုံးပြုဖို့တော့ မလိုအပ်ဘူးလို့လဲ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အမေရိကန် အထက်လွှတ်တော်တွင် ရေးဆွဲထားသော ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှု ဥပဒေမူကြမ်းသစ်နှင့် ပတ်သက်၍ ထရမ့်က မှတ်ချက်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝါရှင်တန်အနေဖြင့် ရုရှားအပေါ် “ကြီးမားသော ပိတ်ဆို့အရေးယူမှုများ” ကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ “ရုရှားရဲ့ စီးပွားရေးက အတော်လေး ဆိုးရွားနေပါတယ်။ ဒါပေမဲ့ သူတို့က ယူကရိန်းထက် အများကြီး ပိုကြီးပါတယ်။ သူတို့က ပိုကြီးမားပြီး ပိုအင်အားတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံပါ” ဟု အမေရိကန်သမ္မတက မှတ်ချက်ပြုသည်။
ထရမ့် ရည်ညွှန်းပြောဆိုခဲ့သော အဆိုပါ ဥပဒေမူကြမ်းကို ၂၀၂၅ ခုနှစ် ဧပြီလအစောပိုင်းတွင် အမေရိကန် အထက်လွှတ်တော်အမတ်များ စုပေါင်း၍ တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆိုပြုချက်တွင် ရုရှားနှင့် ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ ပါဝင်သည်။ ထို့အပြင် ရုရှားထံမှ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြားကုန်စည်များ ဝယ်ယူနေသော နိုင်ငံများထံမှ အမေရိကန်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန်ကိုလည်း လွှတ်တော်အမတ်များက အဆိုပြုထားကြသည်။
