ဝါရှင်တန်၊ ဇွန် ၆
FBI ဌာနအား သမိုင်းတစ်လျှောက် ထိခိုက်နစ်နာမှု အများဆုံးဖြစ်အောင် လုပ်ခဲ့သူအဖြစ် ဖော်ပြခံထားရသည့် FBI အေးဂျင့်ဟောင်း ရောဘတ် ဟန်ဆန်ကို ဇွန်လ ၅ ရက် တနင်္လာနေ့တွင် သူ၏ ထောင်တွင်း အကျဉ်းခန်းထဲ၌ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း အမေရိက အာဏာပိုင်များက ပြောကြားခဲ့သည်။
ဟန်ဆန်သည် ရုရှားအတွက် နှစ် ၂၀ ကျော်ကြာ သူလျှိုလုပ်ပေးခဲ့ကြောင်း အပြစ်ဝန်ခံခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
သေဆုံးချိန်တွင် အသက် ၇၉ နှစ် ရှိပြီဖြစ်သည်။ ထောင်ဝန်ထမ်းများသည် တနင်္လာနေ့နံနက်တွင် ဟန်ဆန်ဘက်က တုံ့ပြန်မှုမရှိသည်ကို တွေ့ရှိပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း အကျဉ်းထောင်ဦးစီးဌာနက ထုတ်ပြန်ချက်တွင် ပြောထားသည်။ သေဆုံးရသည့် အကြောင်းအရင်းကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
ဟန်ဆန်သည် FBI သို့ ၁၉၇၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှ စတင်၍ ဌာန၏ လျှို့ဝှက် သတင်းအချက်အလက်များကို ဆိုဗီယက်ယူနီယံ (ရုရှား) သို့ ရောင်းချခဲ့ကြောင်း FBI ၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။
ဟန်ဆန်၏ သူလျှိုအမှုကို FBI အမှုထမ်းပေါင်း ၃၀၀ နီးပါးက စောင့်ကြည့်စစ်ဆေးခဲ့ရပြီး ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလရောက်မှ ဟန်ဆန် သူလျှိလုပ်နေသည်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်ဟု သိရသည်။ ထို့နောက် ဟန်ဆန်သည် သူ၏ အပြစ်အတွက် ကော်လိုရာဒိုရှိ အမြင့်ဆုံးလုံခြုံရေးစခန်းတွင် သေဆုံးသည့်တိုင်ပြစ်ဒဏ်ကျခံခဲ့ရသည်။
Source: စီအင်န်အေ