ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်သည် နိုဝင်ဘာလ ၃ ရက် နေ့တွင် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ကို ထွက်ခွါခဲ့ပြီး စီးပွားရေး၊ နည်းပညာကဏ္ဍများကို အဓိကထား၍ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျန်းတို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
မစ္စတာ မီရှုစတင်သည် နိုဝင်ဘာလ ၃ ရက် နေ့အတွက် ဟန်ကျိူးမြိ့၌ မစ္စတာလီနှင့် အစိုးရအကြီးအကဲများ ပုံမှန်အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားပြီး နောက်တစ်နေ့တွင် မစ္စတာရှီနှင့် ဆွေးနွေးရန် ပေကျင်းသို့ သွားရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရ ပြန်ကြားရေးဌာနကို ကိုးကား၍ တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နှင့် ရုရှားအကြား အစိုးရအကြီးအကဲများ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက မော်စကို၌ နောက်ဆုံး တွေ့ဆုံခဲ့စဉ်က နှစ်နိုင်ငံဆက်ဆံရေးတွင် အားသစ်အင်သစ်နှင့် အရေးပါမှုကို မစ္စတာလီက ချီးကျူးခဲ့သည်။
ခရမ္မလင်သည် မစ္စတာ မီရှုစတင်၏ တရုတ်နိုင်ငံခရီးစဉ်ကို အလွန်အလေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က အောက်တိုဘာ ၃၁ ရက်တွင် ပြောဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားဝန်ကြီးချုပ်မှတဆင့် မစ္စတာရှီထံ သတင်းစကားပါးမှုမျိုး ရှိမည်လားဆိုသည်ကိုမူ ဖြေကြားရန် ငြင်းဆန်သည်ဟု အင်တာနက်သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မစ္စတာ ပူတင်နှင့် မစ္စတာ ရှီတို့သည် အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစကာ မော်စကိုသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ၏ သက်ရောက်မှု လျော့ပါးစေရန်အတွက် ပေကျင်းဘက်ကို ဦးလှည့်ခဲ့ပြီး စံချိန်တင်သော နှစ်နိုင်ငံကုန်သွယ်ရေး၊ ယွမ်ငွေကြေး အသုံးပြုပေးချေမှု တိုးမြှင့်ခြင်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး အဓိကထားဆောင်ရွက်ခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
