ဇန်နဝါရီလ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် တရုတ်နှင့် အိန္ဒိယအပါအဝင် ရုရှားရေနံဝယ်ယူသည့် နိုင်ငံများကို အရေးယူပိတ်ဆို့မှုများကို ချမှတ်မည့် ဥပဒေကြမ်းကို ထောက်ခံလိုက်ကြောင်း ဩဇာညောင်းသည့် ရစ်ပတ်ဘလီကန် အထက်လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။
တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ထရမ့်ပ်နှင့် “အလွန်အကျိုးရှိသော” တွေ့ဆုံမှုအပြီးတွင် ထရမ့်ပ်သည် နှစ်ပါတီလုံးက သဘောတူထားသော ဥပဒေကြမ်းကို “မီးစိမ်းပြလိုက်ပြီ” ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်အမတ် ရစ်ချက်ဘလူးမန်းသော်နှင့်အတူ မူကြမ်းရေးဆွဲထားသော ဂရေဟမ်၏ “ရုရှားအပေါ် အရေးယူပိတ်ဆို့ရေးအက်ဥပဒေ” သည် ရုရှား၏ စွမ်းအင်ကဏ္ဍနှင့် စီးပွားရေးလုပ်ဆောင်နေသော နိုင်ငံများ၏ တင်သွင်းကုန်များအပေါ် ၅၀၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ရန် ထရမ့်ပ်ကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။
“ဒီဥပဒေကြမ်းက ပူတင်ရဲ့ စစ်ယန္တရားကို အားဖြည့်ပေးနေတဲ့ ရုရှားရေနံကို ဈေးပေါပေါနဲ့ ဝယ်ယူနေတဲ့ နိုင်ငံတွေကို အပြစ်ပေးနိုင်ခွင့် ပေးမှာပါ” ဟု ဂရေဟမ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။
“ဒီဥပဒေကြမ်းက သမ္မတထရမ့်ပ်ကို တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးလို နိုင်ငံတွေအပေါ် အသာစီးများများရ အောင် လုပ်ပေးပါလိမ့်မယ်။ ယူကရိန်းအတွင်း ပူတင်ရဲ့ သွေးချောင်းစီး သ-တ်ဖြတ်နိုင်အောင် ငွေကြေးထောက်ပံ့ပေးနေတဲ့ သူတွေရပ်တန့်သွားအောင် တွန်းအားပေးနိုင်မှာပါ”ဟု ပြောကြားခဲ့ပါသည်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားစွမ်းအင်ကဏ္ဍအပေါ် အမေရိကနှင့် ဥရောပတို့က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း တရုတ်နှင့် အိန္ဒိယတို့သည် ရုရှားရေနံကို အဓိကဝယ်ယူနေဆဲဖြစ်ပေသည်။
စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ၏ ခွဲခြမ်းစိတ်ဖြာချက်အရ နိုဝင်ဘာလတွင် ရုရှား၏ ရေနံစိမ်းတင်ပို့မှု၏ ထက်ဝက်နီးပါးကို တရုတ်က ဝယ်ယူခဲ့ပြီး အိန္ဒိယက ၃၈ ရာခိုင်နှုန်းခန့် ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ် ယူကရိန်းသို့ကျူးကျော်မှုအပြီးတွင် ဘရာဇီးသည် ဈေးလျှော့ထားသော ရုရှားရေနံဝယ်ယူမှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ခဲ့သော်လည်း မကြာသေးမီလများအတွင်း တင်သွင်းမှု သိသိသာသာ လျော့ကျသွားခဲ့ပေသည်။ ရုရှားအပေါ် ဖိအားတိုးမြှင့်ရန် အမေရိက၏ နောက်ဆုံးတွန်းအားပေးမှုသည် ရုရှားအစိုးရနှင့် ယူကရိန်းအစိုးရအကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ၄ နှစ်နီးပါးကြာ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်ပေသည်။
Ref: အယ်လ်ဂျာဇီးယား
