ပြည်တွင်း၌ လောင်စာဆီကို ထောက်ပံ့ ဖြည့်တင်းနိုင်ရန်အတွက် ရုရှားနိုင်ငံသည် ဒီဇယ်ဆီကို ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် နိုဗက်ခ်က “ကျွန်တော်တို့ ဒီဇယ်ဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ ဒါမှသာ ပြည်တွင်းဈေးကွက်သို့ လောင်စာဆီ ထောက်ပံ့မှုတွေကို ပိုမိုတိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရုရှားအစိုးရက အဆိုပါ ယာယီဒီဇယ်ဆီ တင်ပို့မှုပိတ်ပင်ချက်ကို လောင်စာဆီထုတ်လုပ်သည့် ကုမ္ပဏီများအထိ တိုးမြှင့်သက်ရောက်စေမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ သို့သော် အစိုးရအချင်းချင်း သဘောတူညီချက်များအရ ပေးပို့သည့် လောင်စာဆီ တင်ပို့မှုများအတွက်မူ ယခုပိတ်ပင်ချက်က အကျိုး သက်ရောက်မှု မရှိပေ။
နိုင်ငံအတွင်းရှိ လောင်စာဆီဈေးကွက်ကို တည်ငြိမ်စေရန်အတွက် ရုရှားနိုင်ငံအနေဖြင့် ဇူလိုင်လအတွင်း ရေနံထွက်ပစ္စည်းများကို စတင်တင်သွင်းသွားမည်ဖြစ်ကြောင်း နိုဗက်ခ်က မှတ်ချက်ပြုခဲ့သည်။ “ကျွန်တော်တို့ ဇူလိုင်လမှာ ရေနံထွက်ပစ္စည်းတွေကို စတင်တင်သွင်းသွားမှာဖြစ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအဆင့်အတန်း ပိုမိုနိမ့်ကျတဲ့ ရေနံထွက်ပစ္စည်းတွေကို အသုံးပြုပြီးတော့လည်း လောင်စာဆီ အပိုဆောင်းထုတ်လုပ်မှုပမာဏကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Ref: ရှင်းဟွာ
