ရုရှားနိုင်ငံသည် Severodvinsk ဆိပ်ကမ်းမြို့တွင် နျူကလီးယားရေငုပ်သင်္ဘောသစ် ခါဘာရိုဗက်ခ်ကို ရေချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေညာခဲ့သည်။
ရုရှား၏ အဓိကသင်္ဘောတည်ဆောက်ရေးလုပ်ငန်းစုဖြစ်သည့် JSC Production Association Sevmash တွင် နျူကလီးယားရေငုပ်သင်္ဘောရေချပွဲ (လွန်းချင်း) အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ရေအောက်လက်နက်များနှင့် စက်ရုပ်စနစ်များတပ်ဆင်ထားသော ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံကို သမုဒ္ဒရာများတွင် ၎င်း၏ နိုင်ငံတော်အကျိုးစီးပွားများကို ကာကွယ်နိုင်စေမည်ဖြစ်ကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေငုပ်သင်္ဘောကိုဖန်တီး တည်ဆောက်ရာတွင် ပါဝင်ခဲ့သူတိုင်းကို ၎င်းတို့၏ အသိစိတ်ဓါတ်အပြည့်နှင့် အရည်အသွေးမြင့်မားသော လုပ်ဆောင်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရိုင်း ဘဲလ်လူဆော့ဗ်က ပြောဆိုခဲ့သည်။ သင်္ဘောသည် ပင်လယ်ပြင်စမ်းသပ်မှုများစွာကို လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်းနှင့် သင်္ဘောသားများနှင့် တပ်တော်ဝင်အဖွဲ့အနေဖြင့် ယင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာလုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးပါသည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Ref: ရှင်းဟွာ
