မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၆ ရက်မှ စတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာသင်တန်းကျောင်းဝင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများအား အခြေခံသင်ခန်းစာများ၊ ရုပ်စုံဖန်တီးရေးဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်များကို အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ပြီး ရုပ်သေးအနုပညာကို စိတ်ဝင်စားသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ လက်နှင့် မျက်စိအသုံးပြုရာတွင် အဆင်ပြေသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ သင်တန်းသားဦးရေ ၁၅ ဦးသာ ရွေးချယ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည်ဖြစ်သည်။
သင်တန်းလျှောက်လွှာများကို ဇွန် ၈ ရက်မှစတင်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံး၊ စိမ်းလန်းစိုပြည်ပန်းခြံ၊ အင်းယားလမ်း၊ ရန်ကုန်မြို့တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။ လူတွေ့စစ်ဆေးခြင်းကို ဇွန် ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဌေးလင်း (၀၉-၇၇၇၀၁၃၅၀၆) နှင့် ဒေါ်နီနီစိုး (၀၉-၅၅၀၇၅၉၉) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
