ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ ၄ ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ထားသော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ၄ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်သည်။
ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ (၂၀၉၃)ဦး စာရင်းတွင် ပါဝင်သူများစာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှတဆင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်အတွင်း နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ရောင်းချမည့် ရိုးမရိပ်သာအိမ်ရာ၏ တည်နေရာ၊ အဆောက်အဦး အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး စိတ်ပါဝင်စားပါက အမည်၊ မှတ်ပုံတင်အမှတ် CHID Bank ၏ Down Payment Serial No (တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ် လျှောက်ထားခွင့် မရှိပါ) တို့ကို ပြည့်စုံစွာဖြည့်သွင်း၍ လျှောက်ထားရမည်ဖြစ်သည်။
စာရင်းပေးသွင်းလျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ်များအား မဲနှိုက်ခွင့်ပြုမည်ဖြစ်သည်။
အခန်းမဲနှိုက်ခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့် ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း သိရသည်။
