ရာသီဥတုပူပြင်းမှုနှင့် လျှပ်စစ်မီးအခက်အခဲကြောင့် မကွေး ၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသရှိ မြို့နယ်အချို့တွင် ယခုရက်သတ္တပတ်အတွင်း သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မေလ (၁၀) ရက်က ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ကလေးကျေးရွာရှိ အိမ်ထောင်စုများသို့ ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ ရေဂါလန်(၈၀၀)နှင့် ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာရှိ အိမ်ထောင်စုများသို့ ဖျာပုံမြို့နယ်မီးသတ်စခန်းမှ ရေဂါလန်(၂၄၀၀)တို့အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ စည်ပင်သာယာ ဘုန်းတော်ကြီးကျောင်းသို့ လပွတ္တာမြို့နယ် မီးသတ်စခန်းမှ ရေဂါလံ(၈၀၀)၊ငပုတောမြို့နယ်ရှိ ဒီးဒူကုန်းကျေးရွာသို့ ငပုတောမြို့နယ် မီးသတ်စခန်းမှ ရေဂါလံ(၁၈၀၀)၊ မြောင်းမြမြို့နယ်ရှိ စမ်းချောင်းကလေးကျေးရွာသို့ မြောင်းမြမြို့နယ် မီးသတ်စခန်းမှ ရေဂါလံ(၁၆၀၀)၊ ဖျာပုံမြို့နယ်ရှိ ကုန်းတန်းတိုက်ကျောင်းကြီးကျောင်းတိုက်နှင့် သမိန်တောသိမ်းကုန်းရွာသို့ ဖျာပုံမြို့နယ်မီးသတ်စခန်းမှ ရေဂါလံ (၄၈၀ဝ) တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ မေလ (၁၂) ရက် ယနေ့တွင် မကွေးတိုင်း ဒေသကြီး၊ သောက်သုံးရေ လိုအပ်လျက်ရှိသော မင်းဘူးမြို့နယ်အတွင်းရှိ မင်းလှကျင်းကျေးရွာရှိ အိမ်ထောင်စုများသို့ မင်းဘူးမြို့နယ်မီးသတ်စခန်းမှ ရေဂါလန် (၂၄၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့အတူ သောက်သုံးရေ လိုအပ်လျက်ရှိသော စစ်ကိုင်းမြို့ ၊ စိန်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စုများသို့ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရေဂါလန် (၉၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


