ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းဝင်အောင် လုပ်ဆောင်မည်ဟု နစက ဥက္ကဋ္ဌပြော
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည် တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္က သိုလ်များ စာရင်းတွင် ပါဝင်နိုင်ရေး မျှော်မှန်းလုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
ဇူလိုင်လ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်း ဖြစ်သည်။
” ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နဲ့ နေပြည် တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္က သိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင်ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ် သားသမီးများ၏ ပညာရေး အဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ယခု နေပြည်တော် တက္ကသိုလ်နေရာကို ယခင်ကအားကစား တက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အားက စားတက္ကသိုလ် မဖွင့်နိုင်ခဲ့သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦများ ဖြည့်တင်းတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး လုပ်ဆောင်နေပြီး ပညာသင်နှစ်အလိုက် ဆင့်ကဲ့ဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်း သားများကို ဆက်လက်ခွင့်ပြု သင်ကြားနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ် အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်သွားရမည်ဟုလည်း နစက ဥက္ကဋ္ဌက တာဝန်ရှိသူများကို မှာကြားသွားသည်။
ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။