ပြေးဆွဲမှုယာယီရပ်နားထားသည့် ရန်ကုန်-ပုဂံအမြန်ရထားအား ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အစုန်/အဆန် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားစီးခရီးသည်များ ခရီးသွားလာမှုအဆင်ပြေစေရန် ရည်ရွယ်၍ အမှတ် ၆၁ အဆန် ရန်ကုန်-ပုဂံ အမြန်ရထားအား ဇန်နဝါရီ ၂၃ ရက်တွင် စတင်ပြေးဆွဲပြီး ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အမှတ် ၆၂ အစုန်အမြန်ရထားတို့ဖြင့် အစုန်/အဆန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြေးဆွဲရာ၌ အမှတ် ၆၁ အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာကာ ပုဂံဘူတာသို့ နောက်ရက်မွန်းတည့် ၁၂ နာရီ၌ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမှတ် ၆၂ အစုန်အမြန်ရထားသည် ပုဂံဘူတာမှညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာကာ ရန်ကုန်ဘူတာသို့ နောက်ရက်မွန်းတည့် ၁၂ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။
“ကောင်းတာပေါ့ဗျာ ရထားပြန်ဆွဲပေးတော့မယ်ဆိုတော့ ပုဂံကိုသွားတဲ့အခါ ရထားနဲ့သွားလို့ရပြီ လက်မှတ်ခကလည်း စျေးမကြီးတော့ကျွန်တော်တို့လို ပိုက်ဆံကိုချင့်ချိန်နေရတဲ့လူတွေအတွက် အဆင်ပြေတာပေါ့”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဝေဖြိုးကပြောသည်။
ရန်ကုန်-ပုဂံ ရထားလမ်းပိုင်းရှိ သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ္တလင်း၊ပေါင်းတည်၊ပုတီးကုန်း၊သဲကုန်း၊ဆင်မြီးဆွဲ၊ရွှေတံခါး၊အောင်လံ၊ဆတ်သွား၊တောင်တွင်းကြီး၊မြို့သစ်၊နတ်မောက်၊လေးအိမ်၊သာမြှား၊ပင်းချောင်း၊ကျောက်ပန်းတောင်း၊ငါ့မင်းမေး၊စုတည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၂၀၀ ကျပ်၊အထက်တန်းထိုင်ခုံ ၁၄၄၀၀ ကျပ်နှင့်အထက်တန်းအိပ်စင် ၁၉၈၀၀ ကျပ်တို့ဖြစ်ကာ လက်မှတ်များအား ရန်ကုန်ဘူတာကြီးအနေဖြင့် အထက်တန်းလက်မှတ်များကို ၃ ရက်ကြို၊ရိုးရိုးတန်းလက်မှတ်များအား ၁ ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။