ကိုရီးယား – မြန်မာချစ်ကြည်ရေးတံတားတစ်စင်းဖြစ်သည့် ရန်ကုန်-ဒလမြစ်ကူးတံတားသည် တည်ဆောက်ရေးလုပ်ငန်းများ မကြာမီပြီးစီးတော့မည်ဖြစ်ပြီး ဖွင့်လှစ်တော့မည်ဖြစ်သည်။
အဆိုပါ တံတားကြီးပြီးစီးသွားပါက ဒလမြို့အပါအဝင် ဆက်စပ်သည့် ဧရာဝတီတိုင်းကိုပါ လွယ်ကူစွာသွားလာနိုင်တော့မည်ဖြစ်သည်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCF Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း (စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း) ဖြင့် တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။
မြစ်ကူးတံတားကြီးတည်ဆောက်ပြီးစီးသွားပါက စိုက်ပျိုးရေးနှင့် ရေထွက်ကုန်အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးနှင့် နိုင်ငံတကာသို့ အဓိကပို့ကုန်များ တင်ပို့ရာ ရန်ကုန်တိုင်းဒေသကြီးတို့တွင် စီးပွားရေးအခွင့်အလမ်းများစွာ ပေါ်ထွန်းလာမည်ဖြစ်ပြီး တိုင်းဒေသကြီးနှစ်ခု၏ စီးပွားရေးအချက်အချာကျရာ တံတားကြီးတစ်စင်းအဖြစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အထောက်အပံ့ကောင်းများစွာ ရရှိလာမည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၏ ရွှေလမ်း၊ ငွေလမ်းတံတားကြီးတစ်စင်းအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။
