စားအုန်းဆီဈေးနှုန်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော်ရှိနေရာမှ ယခုတစ်ပါတ်အတွင်း ရန်ကုန်လက်လီဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၆၀၀၀ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
မြင့်တက်နေသည့် စားအုန်းဆီဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင် (၂၈)ဦးဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၂၈ )ရက်တွင် ဖွဲ့စည်းထားပြီး ဖြစ်သည်။
ထို့ပြင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် စားသုံးဆီ (၁)ပိသာ (၄၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းလည်း သိရသည်။
လက်ရှိတွင် Six Winner Brother Co.,Ltd အပါအဝင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီ (၁၆) ခုအထိ စားအုန်းဆီလက်ကျန်ရှိနေကြောင်း၊ ယင်းအပြင် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယခုသီတင်းပတ်အတွင်း ရန်ကုန်အထိုင် စားအုန်ဆီအခြေခံလက်ကားဈေးအဖြစ် တစ်ပိဿာ ၄၁၅၅ ကျပ် သတ်မှတ်ထားသည်။