ရန်ကုန်မြို့တွင် ရပ်နားထားသော မော်တော်ယာဉ်များကို မှန်ခွဲ၍ ယာဉ်အတွင်းရှိ ပစ္စည်းများကို ခိုးယူသည့် ဖြစ်စဉ်များ မကြာခဏကြုံတွေ့နေကြရကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်များကို ရွှေဘုန်းပွင့်ဘုရားအနီးတွင် ကြုံတွေ့ခဲ့ရသူတစ်ဦးက “ရွှေဘုန်းပွင့် ဘုရားမှာ၊ ကားထဲက လပ်တော့နဲ့ ဝီးတက်၊ နံပတ်ပြားပါ ယူသွားတယ်” ဟု လူမှုကွန်ယက်တွင် ရေးသားသည်။
ထို့ကြောင့် ကားမောင်းသူများအနေဖြင့် ကားရပ်နားခဲ့ပါက ကားထဲတွင် မည်သည့်ပစ္စည်းမှ မထားရန်၊ မလွှဲသာဘဲ ထားခဲ့ပါကလည်း လုံခြုံစွာ သိမ်းဆည်းထားခဲ့ရန်၊ alarm တပ်ထားရန် စသည်ဖြင့် ၄င်းက တိုက်တွန်းထားသည်။
“Alarm တပ်ထားတာတောင် battery ဖြုတ်ခိုးသွားတာ။ လေးငါးယောက်လောက်၊ အနားကသိတဲ့သူတွေ ဘယ်သူမှမပြောရဲဘူး၊ ပြီးခဲ့တဲ့ နှစ်နှစ်က ကျောက်မြောင်းမှာ အစ်မကား Battery ဖြုတ်ခိုးခံရတာ” ဟု ကြုံတွေ့ခဲ့ရသူတစ်ဦးကလည်း လူမှုကွန်ယက်တွင် မျှဝေထားသည်။
ကားမှန်ခွဲ၍ ကားအတွင်းမှ ပစ္စည်းများ ရှာဖွေယူဆောင်သွားမှုကို မြို့နယ်အချို့တွင် ယခင်က လမ်းဘေး၌ ညအိပ်ရပ်နားထားခဲ့သော ကားအချို့တွင် ကြုံခဲ့ဖူးခြင်းမျိုး ဖြစ်သည်။
နောက်ပိုင်းတွင် မကြာခဏ ကြုံတွေ့လာကာ ကားမှန်ခွဲ၍ ယူဆောင်သူများမှာ Wheel tax စာအုပ်များကို အဓိကရှာဖွေခြင်းမျိုးဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိလာခဲ့သည်။
