ရန်ကုန်မြို့တော်ကြီးသည် စီးပွားရေးမြို့တော်ဖြစ်၍ နေ့စဉ် အမှိုက်တန်ချိန် ၂၅၀၀ ကျော်ထွက်ရှိလျှက်ရှိနေသည်။
ထို့ကြောင့် အမှိုက်သိမ်းယာဉ်မောင်းများသည် နေ့စဉ် နံနက်မှမိုးချုပ်သည်အထိ ရပ်ကွက်မှမြို့နယ်၊မြို့နယ်မှခရိုင်၊ခရိုင်မှနောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ ဆင့်ကဲဆင့်ကဲ သယ်ယူပို့ဆောင်ပေးကြသည့်စနစ်ဖြင့်လုပ်ဆောင်နေကြကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသည် ခရိုင်နှင့်မြို့နယ်များတွင်အသုံးပြုလျက်ရှိသည့် အမှိုက်သိမ်းလှည်းများနေရာ၌ လုပ်ငန်းများပိုမိုထိရောက်စွာအသုံးပြုနိုင်ရန်၊အကွာအဝေးရှည်သည့် အမှိုက်သိမ်းလမ်းကြောင်းများတွင် ကောင်းမွန်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်(၂၃၂)စီးအား ဝယ်ယူသုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ဇန်နဝါရီ ၃၁ ရက် (ယနေ့)နံနက် ၇ နာရီခွဲကပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၏ အမှိုက်သိမ်းယာဉ်များမောင်းနှင်ထိန်းသိမ်းခြင်းမွမ်းမံသင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
“မြို့တော်ကြီး သန့်ရှင်းသာယာသပ်ရပ်စေဖို့ ဝိုင်းဝန်းဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေတဲ့အမှိုက်ယာဥ်မောင်းများမောင်းများအနေဖြင့်လည်း အမှိုက်များသယ်ယူစွန့်ပစ်ရာလမ်းတစ်လျှောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး မောင်းနှင်သွားကြရန်လိုအပ်ပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းအောင် အမြဲဂရုစိုက်နေထိုင်သွားကြရန် လိုအပ်ကြောင်း” ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောကြားခဲ့သည်။