ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ် သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း၌ သွေးပြန်ရည်ကျိတ်ကင်ဆာ လူနာနှစ်ဦးကို ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
အဆိုပါ လူနာနှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှ ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လမ်းမတော်မြို့နယ်နေ ၅၈ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး အဆိုပါ ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant)ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုကြီး/သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်ထိ ၁၀ ဦး စုစုပေါင်း ၂၅ ဦးကိုဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများကျန်းမာရေး ကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုး ကုသခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
