ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစိုက်ပျိုးရေးဇုန်၊ အထူးမွေးမြူရေးဇုန်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် စက်မှုဇုန် ၂၉ ခုတွင် စားသောက်ကုန်၊ လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ ဓာတုဗေဒပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ် ထားကြောင်း သိရသည်။
ပုံစာ – ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကိုတွေ့ရစဉ်(Photo:YRIC)
