တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ (၅) ရက်အတွင်း မိုးရေချိန် (၄) လက်မခန့်မှ (၅) လက်မအထက် ရွာသွန်းရရှိနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်ပြောကြားထားသည်။
အဆိုပါ မိုးရွာသွန်းမှုသည် ယနေ့ နိုဝင်ဘာ (၈) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ ဆက်လက်ရွာသွန်းနိုင်ပြီး၊ တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့သို့ ရွှေ့လျားဝင်ရောက်လာပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ (၉) ရက်နှင့် (၁၀) ရက်တို့၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အထက်လေပွေလှိုင်းဖြစ်ပေါ်နိုင်သော်လည်း မြောက်အရပ်မှ လေအေးစီးကြောင်းအားကောင်းလာသည့်အတွက် ပင်လယ်ပြင်မှ ရေပြင်ညီအမြင့်အပူချိန်ကျဆင်းလာခြင်းတို့ကြောင့် အားကောင်းလာနိုင်ခြင်းမရှိကြောင်းနှင့် အနောက်တောင်ဘက်မှလေစီးကြောင်းအားနည်းသွားသဖြင့် မြန်မာနိုင်ငံဘက်တွင် မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်သည်ဟုဆိုထားသည်။
