ယမန်နေ့ညမှစကာ ရွာသွန်းသည့်မိုးကြောင့် ရန်ကုန်တိုင်းမြို့နယ်များတွင် ရေကြီးရေလျှံမှု ကြုံတွေ့နေကြရသည်။
ရေကြီးရေလျှံမှုကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အားပြ-တ်တောက်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
“တာမွေရေပေါ်စျေးဖြစ်နေပြီ၊ ခရီးမသွားဖြစ်တဲ့လူတွေ တာမွေရေပေါ်စျေးကို လာလည်ကြပါ” ဟု လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက မျှဝေထားသည်။
ထိုနည်းတူ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် ယာဉ်ငယ်များပါ မောင်းမရဖြစ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးကလည်း ပြောသည်။
“ကားလေးတွေ မောင်းမရဘူး၊ လှည့်ပြန်ကြရတယ်။ ရေကြီးတာကြောင့်” ဟု ကိုယ်တိုင်ကြုံခဲ့သူက ပြောသည်။
မိုးဇလကမူ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်ဟု သိရသည်။
ထို့အပြင် နောက် ၂ ရက်အတွက်ခန့်မှန်းချက်၌ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
