ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ logo ကို အသုံးပြု၍ တရားမဝင်ကြေညာမှုများရှိနေကြောင်း၊ ယင်းကဲ့သို့ မလုပ်ရန်နှင့် ဆက်လက်ကျူးလွန်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းကြီးအား (၂၀၁၇) ခုနှစ်မှစ၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်မှတ်ပုံတင်သွင်းဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံတော်၏မူဝါနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိသည်။
ယခုအခါ လူတစ်စုက အသင်းကြီးနှင့်ပတ်သက်၍ မမှန်မကန်စွပ်စွဲ ဝေဖန်ပြောဆိုခြင်း၊ တရားမဝင် မဟုတ်မမှန်သောအကြောင်းအချက်များ ပေါင်းစပ်လုပ်ကြံဖြန့်ချိခြင်း၊ တာဝန်အရအသင်းကြီးအား ဦးဆောင် ဦးရွက်ပြုဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် ဂုဏ်သိက္ခာ ထိခိုက်စေသည့် သတင်းများကို ပြောဆိုဖြန့်ဝေခြင်း၊ သတင်းတု သတင်းမှားများကို (YGEA) အမည်ခံ၍ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖြန့်ချိနေခြင်းများပြုလုပ်နေကြောင်း အထောက်အထားများနှင့်တကွ လွှဲအပ်ညွှန်ကြားချက်များအရ သိရသည်ဟုဆိုသည်။
ထိုမျှမက အသင်း၏ Logo ကို ဆင်တူရိုးမှားအသုံးချ၍ တရားမဝင်ကြေညာမှုများတွင် ပြုလုပ်ဆောင်ရွက်နေကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါတရားမဲ့ပြုကျင့်မှုများအား လုံးဝမလုပ်ဆောင်ကြပါရန်နှင့် ဆက်လက်ကျူးလွန် ဖောက်ဖျက်ပါက မလွဲမရှောင်သာဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။
ထို့ပြင် အသင်းအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မူလအသင်းဝင်စဉ်က ဖော်ပြထားသည့် လိပ်စာ၊ ဖုန်းနံပါတ်များနှင့်ဆက်သွယ်၍မရသူများနှင့် အသင်းနှစ်စဉ်ကြေးအား (၁၀) နှစ် အထက်ပေးဆောင်ရန် ပျက်ကွက်သူများအား အသင်းဝင်အမည်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ကြောင်းလည်း သိရသည်။
