ရန်ကုန်တိုင်းဒေသကြီး၌ ၅၄ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့ဟု မိုးဇ/လ ထုတ်ပြန်
ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ သြဂုတ်လ ၁၇ ရက်၌ ရွာသွန်းခဲ့သောမိုးရေချိန်သည် ၅၄ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း ကမ္ဘာအေးမိုးလေဝသစခန်း၏တိုင်းထွာချက်ကို ထုတ်ပြန်ခဲ့သည်။
ယနေ့ ရန်ကုန်တွင် ရွာသွန်းခဲ့သည့် မိုးရေချိန်သည် ၅၄နှစ်အတွင်း ၆ ဒသမ ၉၆လက်မ အ ထိရှိခဲ့သည်ဟုဖော်ပြထားပြီး၊ အလားတူရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်လည်း ၅၈နှစ်အတွင်း ယနေ့ ရွာသွန်းသော မိုးရေချိန်သည် ၁၉ ဒသမ ၇၆ ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်းဆိုသည်။
မိုးဇလ၏ ယနေ့ ထုတ်ပြန်ချက်တွင် မြန်မာစံတော်ချိန် ၉နာရီ မိနစ် ၃၀ အချိန်တိုင်းထွာချက်များအရ ဩဂုတ်လ၏ (၂၄)နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာစံချိန်သစ်တင်ခဲ့ကြောင်းဖော်ပြထားသည်။
ထို့အပြင် မိုးဇ/လ၏ ယနေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်ဟု ဆိုသည်။
ယင်းကြောင့် မနက်ဖြန် သြဂုတ် ၁၈ရက် နံနက်အထိ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းဖော်ပြထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကြောင်းဆိုသည်။
လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။