ထိုင်းနိုင်ငံ၊ရနောင်းမြို့ လဝက ရုံးအချုပ်ခန်း၌ ထိန်းသိန်းခံထားရသည့် မြန်မာနိုင်ငံသားများ ဖေဖော်ဝါရီ ၂ ရက်(ယနေ့)နံနက်ပိုင်းက ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ စက်လှေများဖြင့်ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
ရနောင်းမြို့တာဝန်ရှိသူများမှ မြန်မာနိုင်ငံသားများအား ကော့သောင်းမြို့တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့်ကော့သောင်းမြို့ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်၍ ပြန်လည်လက်ခံပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကော့သောင်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းများမှလည်း ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ကော့သောင်းမြို့ခံအချို့မှလည်း ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်စေ့၍ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန် ရနောင်းမြို့ရှိ လဝက ရုံးတွင်ထိန်းသိမ်းခံထားရသူများဖြစ်သည်။
ရနောင်းမြို့ လဝက ရုံး၌ရောက်ရှိနေသူများအနက် အချို့မှာ ၆ လကျော်ခန့်ရှိပြီဖြစ်ကာ ပြန်လည်ပို့ဆောင်ပေးခြင်းမရှိသေး၍ ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့က ဆန္ဒပြခဲ့ကြသဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှတာဝန်ရှိသူများက ရနောင်းမြို့ လဝက ရုံးသို့သွားရောက်၍ ဆန္ဒပြသူများ၏ ခေါင်းဆောင်များ လဝက ရုံးမှတာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်းပေးခဲ့ပြီးနောက် ယနေ့တွင် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။





